Pages

Thursday, February 25, 2010

ဝဋ်ရှိလေခဲ့သမျှ

ချစ်သူ....
နောင်တဆိုတာက
အမှားကျူးလွန်သူတို့အတွက်
နှောင်းမှ ရတဲ့ ဆုလာဒ်တဲ့လား။

ကိုယ့်မှာတော့ ..
သူများတွေထက် နောက်ကျပြီးမှ
နောင်တဆိုတာ ရခဲ့ရတယ်။

အရာအားလုံး..
မင်းအပြုံးနဲ့ ဝေးပြီးမှ
ဖျက်လို့မရတဲ့ အမှားတစ်ခု
ရင်ထုမနာ
ငါ.....
ကျူးလွန်ခဲ့တယ်။


"ပျက်အစဉ် ပြင်ခဏ" ဆိုပေမယ့်
ဘယ်လိုမှ ပြင်လို့မရတဲ့ ပျက်စီးခြင်း
ကြေကွဲခြင်း ၀မ်းနည်းခြင်းမှ တပါး
အခြား ဘာမှ မစွမ်းနိုင်ခဲ့။

ချစ်တဲ့စိတ်တစ်ခုတည်းနဲ့
ကိုယ့်မှာ......
အာကာသထဲ ပျံဝဲဖို့
အတောင်စုံ မစုံ ပြန်မကြည့်
ပျံသန်းခဲ့မိလို့ ရတဲ့ဒဏ်ရာ
တစ်ဘ၀စာ
သေရာပါခဲ့ရတယ်။

ဒီအဖြစ်အပျက်တွေနဲ့အတူ
ရင်ထဲက အပူတွေနဲ့
ကိုယ့်ချစ်သူကို မေ့ဖို့
နေ့နေ့ညည
ကိုကြိုးစားခဲ့ရပါတယ်။

ဒါပေမယ့်ကွယ်
ဆယ်မိုး ဆယ်နွေဆက်လို့
တစ်ရက်မှလဲ မေ့မရပါဘူး
မြေးဦးရတောင်မှ
သတိတရ ရှိနေတယ်ဆိုတာ
ဟုတ်မှာပဲနော်။

ရင့်ရော်ဟောင်းနွမ်းနေတဲ့
နှလုံးသားအခန်းကျဉ်းထဲမှာ
ငါ့ရဲ့ချစ်ခြင်းတွေ
မြစ်မင်းဧရာလို စီးဆင်း
ချစ်ခြင်းအလင်းရောင်တွေ တောက်ပဆဲ။


ကိုယ်တို့နှစ်ယောက်ရဲ့ အဖြစ်အပျက်
နှာခေါင်းက သွေးထွက်ခဲ့လို့
နောင်လာမယ့် သားကောင်းလေးများ
ချစ်အမှားများ မပြုရလေအောင်
သတိ ပညာ ဆောင်စေခြင်းငှာ
ဤကဗျာကို ရေးဖွဲ့။

နှလုံးသားနဲ့ ချစ်ပြီး
ဦးနှောက်နဲ့ အချိန်ယူစဉ်းစား
ဆုံးဖြတ်ချက်မမှားရအောင်။

နောက်ပြီး...
ကိုယ်တို့လို အဖြစ်မျိုးနဲ့
ဘယ်သူ့ကိုမှ မတိုးစေချင်
အငြိုးပင် ပြေနိုင်ကြပါစေ။


တကယ်တော့လေ
အချစ်တစ်ခုတည်းနဲ့
လက်တွဲ့လို့ မဖြစ်နိုင်သလို
ဘ၀ဆိုတာကလည်း
အသည်း..အသက်..ခင်
ရင်ခုန်နေရုံနဲ့ မပြီးသေးဘူး။

မြေကြီးပေါ်က ရွက်ကြွေ
ပင်ထက်မှာ မဝေနိုင်
ကိုယ်နဲ့ ချစ်သူတွေရဲ့ အမှား
နှလုံးသားတွေ ကွဲအက်
ပြန်ဆက်လို့ မရနိုင်တော့။


ခုတော့....
ကြေကွဲစရာ တနင့်တပိုးနဲ့
မျက်ရည်မိုးတွေကို အဖော်ပြုလျက်
ရင်ဘတ်ထဲက အမာရွတ်တွေ
ဝဋ်ရှိလေခဲ့သမျှ
အသက်ရှူမရတဲ့နေ့မှ မေ့မယ်။

နေ၀င်းထွန်း (ငါးမည်ရ)

No comments:

Post a Comment